Monday, September 17, 2018

Work Life Balance


အလုပ်နှင့်ဘဝကို ဟန်ချက်ညီအောင်စီမံခန့်ခွဲခြင်းနဲ့ပတ်သက်လို့ worklifebalance.com ကတင်ပြထားတဲ့ စီမံခန့်ခွဲမှုအပိုင်းခြောက်ပိုင်းကို ကိုးကားပြီး ProActရဲ့ မိတ်ဆွေသင်္ဂဟများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်

1) Self-Management မိမိကိုယ်ကိုစီမံခန့်ခွဲခြင်း
အလုပ်နဲ့ဘဝကို မျှတအောင်ထိန်းညှိရာမှာ ပထမဆုံးနဲ့အခက်ဆုံးအပိုင်းလို့တောင် ဆိုရပါမယ်။ တကယ်တမ်းလူ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲရတာက စိန်ခေါ်မှုတမျိုးပါပဲ။
လုံလောက်တဲ့အိပ်ချိန်ရဖို့၊ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့၊ လုံလောက်တဲ့အဟာရပြည့်ပြည့်ဝဝစားဖို့ကနေစလို့ ချစ်ခြင်းမေတ္တာ၊ မိသားစု၊ အပန်းဖြေမှု၊ ဝါသနာ၊ တန်ဖိုးထားမှု၊ လွတ်လပ်စွာ တွေးတောစဉ်းစားမှုတွေအထိ ကိုယ့်ရဲ့ တကိုယ်ရည်စာ အကျယ်အဝန်းထဲမှာ ဘယ်လောက်ထိ လုံလောက်စွာ ပေါင်းစပ်ခွင့်ပေးထားမလဲဆိုတာကလဲ အရေးကြီးတဲ့စီမံခန့်ခွဲမှုတစ်ခုပါပဲ

2) Time Management အချိန်ကို စီမံခန့်ခွဲခြင်း
ထိရောက်အကျိုးရှိတဲ့ အချိန်စီမံခန့်ခွဲမှုဆိုတာကတော့ ကိုယ့်ရဲ့ နေ့ရက်တွေမှာ အချိန်နဲ့ အခြားသောအရင်းအမြစ်တွေကို အသုံးပြုပြီး ကိုယ်ရည်မှန်းချက် ကိုယ့်လုပ်ငန်းရလဒ်တွေထွက်လာရာမှာ ဘယ်လောက်ထိတွက်ချေကိုက်သလဲဆိုတာပါပဲ (သူများရုံးဆင်း ကိုယ်မဆင်းနိုင်၊ ပိတ်ရက်မှလဲ အလုပ်ကိစ္စမပြတ်နိုင် ထွက်လာတော့ ဘာရလဒ်မှမရှိဘူးဆိုရင်လဲ အလုပ်ကြိုးစားတယ်မခေါ်နိုင်ဘူးနော်) ကိုယ်လုပ်ရမယ့် အရေးကိစ္စတွေချည်း စုပြုံနေရင်တောင် ဘယ်အရာက အရေးပေါ်လုပ်ရမယ့်ကိစ္စလဲ ဘယ်ဟာကအဆောတလျင်လုပ်ရမယ့် ကိစ္စလဲဆိုတဲ့ Urgent နဲ့ Important ကိုခွဲခြားနိုင်ခြင်း၊ ထိရောက်မြန်ဆန်မယ့် နည်းလမ်းတွေကို သိရှိအသုံးပြုနိုင်ခြင်း၊ အလုပ်တွေအားလုံးကို ငါလုပ်မှအကောင်းဆုံးဖြစ်မဟဲ့လို့ လူစွမ်းကောင်းမလုပ်ဘဲ အသင်းအဖွဲ့နဲ့လုပ်ခြင်း၊ သင့်တော်တဲ့သူတွေကို အလုပ်ခွဲဝေလွှဲအပ်ပေးခြင်း (Delegation) တွေဟာလဲ အချိန်ကို စီမံခန့်ခွဲရာမှာ လိုအပ်တဲ့အရည်အချင်းတွေပါပဲ

3) Stress Management စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း
လူ့အဖွဲ့အစည်းအမျိုးမျိုးမှာ ကျင်လည်နေရတဲ့သူတွေအဖို့ အမျိုးမျိုးသောအရှုပ်အထွေးတွေ ဖိအားတွေ အခက်အခဲတွေကို ရင်ဆိုင်နေရမှာပါပဲ ဒါ့ကြောင့် စိတ်ဖိစီးမှုဟာ မလွှဲမရှောင်သာ ကြုံလာရမှာပါပဲ။ တစ်ကြိမ်မှာအလုပ်တစ်ခုပဲ လုပ်ရတာမျိုးထက် တပြိုင်ထဲမှာမတူညီတဲ့လုပ်ငန်းတွေကို ကိုင်တွယ်စီမံရတာမျိုးကလည်း စိတ်ဖိစီးမှုကိုပိုတိုးလာစေပါတယ်။ ဒီလို ဖိအားများ စိတ်ဖိစီးမှုများတဲ့အခြေအနေမှာ အလုပ်လုပ်ကိုင်ရတဲအခါမှာလဲ လိုက်ရောညီထွေအလွယ်တကူပြောင်းလဲနိုင်ဖို့၊ စိတ်ဖိစီးမှုကိုပြန်လည်ဖြေလျော့နိုင်ဖို့နဲ့၊ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိရှိနဲ့ အလုပ်ကိုဘယ်လိုအကောင်းဆုံးလုပ်ကြမလဲဆိုတာတွေက တစ်ဦးချင်းစွမ်းရည်တွေ ရလဒ်တွေကွာခြားသွားစေမှာပါပဲ

4) Change Management အပြောင်းအလဲကို စီမံခန့်ခွဲနိုင်ခြင်း
လူတွေနေထိုင်ရာ ဒီကမ္ဘာကြီးကိုက အရာရာအလျင်အမြန်ပြောင်းလဲနေတဲ့နေရာကြီးပါပဲ။ ဒီတော့ အပြောင်းအလဲဆိုတဲ့အရာကမှ တည်မြဲသောတစ်ခုတည်းသောအရာလို့ ဆိုရမှာပါ။ နည်းပညာအသစ် အယူအဆအသစ် စနစ်အသစ် သတင်းအသစ် အသစ်အသစ်သော အပြောင်းအလဲ အသစ်အဆန်းတွေနောက်မှာ လိုက်လျောညီထွေပြောင်းလဲနိုင် အကျိုးရှိမယ့်အသစ်အဆန်းတွေကို အသုံးပြုနိုင်မှ အသက်မွေးဝမ်းကျောင်းအလုပ်ကော မိသားစုဘဝမှာပါ အောင်မြင်ပျော်ရွှင်နိုင်မှာပါ

5) Technology Management နည်းပညာစီမံခန့်ခွဲခြင်း
လူသားတွေဟာ ခေတ်အဆက်ဆက်မှာ တိုးတက်ဖြစ်ထွန်းလာတဲ့နည်းပညာတွေကို အသုံးပြုခဲ့ကြတာချည်းပါပဲ ခေတ်နဲ့အညီတိုးတက်ဖြစ်ထွန်းလာတဲ့နည်းပညာတွေကို အလွယ်တကူလက်လှမ်းမီ အသုံးပြုနိုင်ခြင်းကလဲ စီမံခန့်ခွဲမှုအတွက် အရေးပါတဲ့အချက်ပါပဲ။ သို့သော် တချိန်ထဲမှာပဲ ဒီနည်းပညာပစ္စည်းတွေကနေ ကိုယ့်အပေါ် ဆိုးကျိုးတွေမသက်ရောက်စေဖို့လဲ သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။

6) Leisure Management အနားယူအပန်းဖြေခြင်းသည်လည်း စီမံခန့်ခွဲမှု
အနားယူအပန်းဖြေခြင်းဟာလည်း အလုပ်နဲ့ဘဝကိုမျှတစေဖို့စီမံခန့်ခွဲမှု တစိတ်တပိုင်းပါပဲ။ လူသားတွေဟာ သူဦးနှောက်နဲ့ကိုယ်ကာယက အကောင်းဆုံးစွမ်းအင်တွေအသုံးပြုအလုပ်လုပ်ဖို့ဆိုတာ အနားယူချိန်တွေ မရှိမဖြစ်လိုအပ်လာပါတယ်။ တရက်တာအတွင်းမှာ အချိန်ခပ်တိုတိုအနားယူချိန်လေးတွေလိုသလို အလုပ်ထဲကနေ အချိန်အကန့်အသတ်တခု ဖြေလျော့ထွက်လာဖို့ အားလပ်ရက်နဲ့ခွင့်ရက်တွေလဲလိုအပ်ပါတယ်။ နောက်တချက်က အဲဒီအားလပ်ချိန်တွေမှာ ကိုယ်အမှန်တကယ် အနားယူပြန်လည်လန်းဆန်းစေဖို့ ဘယ်လိုအသုံးပြုတယ်ဆိုတာကလည်း အရေးကြီးပါတယ်။

No comments:

Post a Comment