Sunday, September 16, 2018

အရပ်ဖက်အဖွဲ့အစည်းဆိုတာ ရန်သူမဟုတ်ပါ


အရပ်ဖက်အဖွဲ့အစည်းဆိုတာ ရန်သူမဟုတ်ပါ….@ The Role of CSOs in Democratic Transition
စက်တင်ဘာ၊ ၂၀၁၇
#ဒီမိုကရေစီ နိုင်ငံရေးစနစ် (Democratic Regime) ဖြစ်ပေါ်လာရေးမှာ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများ၊ အစိုးရများအဖွဲ့အစည်းများဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပေမယ့် ဒီမိုကရေစီ တန်ဖိုးများ၊ ဓလေ့များ၊ ယဉ်ကျေးမှုများကို လူ့အဖွဲ့အစည်းအတွင်း ခိုင်မာအမြစ်တွယ်ဖို့အတွက် တည်ထောင်ကြိုးပမ်းတဲ့အခါမှာတော့ အရပ်ဖက်လူ့အဖွဲ့အစည်းများသည် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများထက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းလို့ပြောတဲ့အခါမှာ အဓိပ္ပါယ်အမျိုးမျိုး အယူအဆ အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးရှိနေပါတယ်။ ဒါပေမယ့် ယေဘုယျပြောရမယ်ဆိုရင် အရပ်ဖက်အဖွဲ့အစည်းဆိုတာ မိသားစု၊ ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရကဏ္ဍတွေမပါဝင်ပဲ သီးခြားဖွဲ့စည်းဆောင်ရွက်ထားခြင်း၊ ပြည်သူလူထုရေးရာကိစ္စတွေ၊ အကျိုးစီးပွားတွေအတွက် ရှေ့ရှုပြီးလုပ်ဆောင်နေခြင်း၊ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ခြင်း၊ ဘုံရည်မှန်းချက်ပန်းတိုင်များရှိသည့် အစုအဖွဲ့၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများကို ခေါ်ပါတယ်။

#အရပ်ဘက်အဖွဲ့အစည်းနဲ့ ပါတ်သတ်ပြီး နိုင်ငံရေးသမားသမား အများစုကလည်း မိမိတိုရဲ့ အယူအဆရေးရာအရ ထောက်ခံကြပါတယ်။ ရှေးရိုးစွဲဝါဒီများ ( Conservative ) က အရပ်ဖက်လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့် လုပ်ရပ်များကို အများအားဖြင့် ဆန့်ကျင်ဝေဖန်လေ့ရှိခြင်းကို နှစ်သက်သဘောကျကြပြီး လစ်ဘရယ်ဝါဒီ ( Liberalist) များကတော့ အရပ်ဖက်အဖွဲ့အစည်းများ၏ အရပ်သားဆန်မှု ( အစိုးရ၊ လက်နက်ကိုင်၊ စီးပွားရေး အဖွဲ့များမှ ကင်းလွတ်မှုရှိခြင်း) နှင့် လွတ်လပ်အမှီအခိုကင်းခြင်းကို နှစ်သက်လက်ခံကြပါတယ်။ လက်ဝဲဝါဒီများ ( Leftist) များကတော့ လူထုလှုပ်ရှားမှုများကို ပုံဖော်ပေးခြင်း၊ လှုံ့ဆော်စည်းရုံးနိုင်မှုရှိခြင်း၊ အများပြည်သူပါဝင်နိုင်မှုရှိခြင်းကို အရပ်ဖက်လူ့အဖွဲ့အစည်းက ပုံဖော်ပေးတဲ့အတွက် ထောက်ခံကြပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာ အလှူရှင်များအဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူတွေ ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ အာဏာရှင်အုပ်ချုပ်မှု၊ အကျင့်ပျက်ချစားမှု၊ ဗျူရိုကရေစီ နှောင့်နှေးမှုများနှင့် လူမှုစေးကပ်မှု ( Social Cohesion) တွေကို ပုံဖော်ပေးနိုင်တဲ့အတွက် ပံ့ပိုးကူညီကြပါတယ်။ ( မင်းခင်မောင်ရင်၊၂၀၁၆ )

#ယနေ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံသားတွေရဲ့ အသံတွေ၊ အမြင်တွေ၊ သဘောထားတွေ၊ လိုအပ်ချက်တွေကို စုစည်းတင်ပြပေးဖို့၊ ထင်ဟပ်ပေးဖို့အတွက် ကိုယ်စားပြု ပြောဆိုဆောင်ရွက်ပေးတာတွေ၊ လူထုအကျိုးစီးပွားအတွက် အုပ်ချုပ်သူအစိုးရများကို တောင်းဆိုတင်ပြပေးတာတွေ၊ လူထုအတွက်လိုအပ်နေတဲ့ သတင်းအချက်အလက်တွေ၊ အကြံဥာဏ်တွေ၊ နည်းပညာတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေ၊ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကနေ ဒီမိုကရေစီတည်ဆောင်ရေးအတွက် အထောက်အကူဖြစ်တဲ့ လုပ်ငန်းတွေအထိ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်နေကြပါတယ်။
ဒီနေရာမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုတည်ထောင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဘာကြောင့် အရေးကြီးသလဲဆိုတဲ့ မေးခွန်းပါ။ တဆက်တည်း ထပ်စဉ်းစားဖို့ လိုတာက ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေ တည်ဆောက်ဖို့အတွက်ဆို ဘယ်ကဏ္ဍတွေမှာ ပါဝင်နေကြသလဲဆိုတာပါပဲ။

#ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ဒီနှစ်တွေအတွင်းမှာ မကြားချင်မှအဆုံး ရေလဲပုဆိုးလို သုံးနေကြပါတယ်။ အဓိပ္ပါယ်အမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ ကိုယ်လိုချင်တဲ့ ရှုထောင့်ကနေ သုံးချင်သလို သုံးနေရကြတာလည်းတွေ့ရပါတယ်။ ဘယ်လိုပဲ သုံးသုံး ဒီမိုကရေစီမှာ အခြေခံတန်ဖိုးတွေဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားမှု၊ တရားမျှတမှုနဲ့ လူသားလွတ်လပ်ခွင့်ဆိုတဲ့ တန်ဖိုးတွေကတော့ တူညီနေပါတယ်။ လွန်ခဲ့သော နှစ် ၃၀ အတွင်း ပုဂ္ဂလိက အာဏာရှင်စနစ်၊ တပါတီ အာဏာရှင်စနစ် နှင့် စစ်အစိုးရများ အုပ်ချုပ်သော နိုင်ငံတွေဟာ ဒီမိုကရေစီ အုပ်ချုပ်မှု စနစ်ကို အံဩဖွယ်ရာကောင်းစွာ ပြောင်းလဲကျင့်သုံးလာခဲ့ကြတာကို တွေ့ရပါတယ်။ ဒီမိုကရေစီ စီမံအုပ်ချုပ်မှု စနစ်ဆိုတာ နိုင်ငံသားများသည် တိုင်းပြည်၏ ပြည်သူ့ရေးရာ မူဝါဒ ချမှတ်သူများကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများမှ တဆင့် ယှဉ်ပြိုင်ရွေးကောက်နိုင်ခွင့် ရှိသည့် အင်စတီကျူးရှင်းများ တည်ရှိနေသည့် နိုင်ငံရေး စနစ်ကို ခေါ်ဆိုပါတယ်။
ဒီမိုကရေစီရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းကို ပြန်လည်ကြည့်တဲ့အခါ “ဒီမိုကရေစီဆိုတာ ပညာမတတ်တဲ့ လူနည်းစုကို အာဏာအလွန်အကျွံပေးခြင်းဆိုတဲ့ အဆိုးမြင်မှုကနေ ဒီမိုကရေစီ နိုင်ငံပါလို့ နိုင်ငံအများစု ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်နေကြရတဲ့ အကောင်းမြင်မှုအခြေအနေကို ရောက်တဲ့အထိ သမိုင်းကြောင်းအရှည်ကြီး ဖြတ်သန်းခဲ့ရပါတယ်။ ဒီမိုကရေစီ အတွေးအခေါ်ရဲ့ ဖခင်ကြီးလို့ ခေါ်ဆိုလို့ရမယ့် အရစ္စတိုတယ်ကတော့ ဒီမိုကရေစီစနစ်မှာ ဆင်းရဲတဲ့လူတွေကို ချမ်းသာတဲ့ လူတွေထက် အာဏာပိုပေးရတယ်။ အကြောင်းကတော့ ဆင်းရဲတဲ့လူတွေက ချမ်းသာတဲ့ လူတွေထက် ပိုများလို့ပဲ။ လူအများစုရဲ့ ဆန္ဒဟာ အရေးပါဆုံးဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

#ဒီမိုကရေစီ သဘောတရားနဲ့ ပါတ်သတ်ပြီး အထင်ရှားဆုံး ပြောဆိုသူကတော့ အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်းရဲ့ ၁၈၆၃ ခုနှစ်က မိန့်ခွန်းဖြစ်ပါတယ်။ သူက “ ဒီမိုကရေစီဆိုတာ လူထုရဲ့ အစိုးရ၊ လူထုကို တာဝန်ခံတဲ့ အစိုးရ၊ လူထုအတွက် အစိုးရဖြစ်တယ်” လို ပြောဆိုခဲ့ပါတယ်။ လူထုရဲ့ အစိုးရဆိုတာက ဒီမိုကရေစီစနစ်မှာ အခြေခံအားဖြင့် လူထုကနေ ရွေးကောက်လိုက်နဲ့ ကိုယ်စားလှယ်နဲ့ အစိုးရကို ဖွဲ့စည်းထားတာကြောင့် လူထုနဲ့ သက်ဆိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ လူထုကို တာဝန်ခံတဲ့ အစိုးရဆိုတာကတော့ အဲဒီရွေးကောက်ခံလိုက်တဲ့ လူတွေကပဲ လူအားလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဆုံးဖြတ်ချက်ချမှတ်ကြတာဖြစ်ပြီး အခြားအဖွဲ့အစည်းတွေက ဆုံးဖြတ်ခွင့် မရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ပြီးတော့ အဲဒီဆုံးဖြတ်ချက် ချမှတ်ထားတဲ့သူတွေက သူတို့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းခြင်းဆိုခြင်း မှန်သမျှကို တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ပါတယ်။ နောက်ဆုံး လူထုအတွက် အစိုးရဆိုတာကတော့ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုရမှာဖြစ်ပြီး လူအုပ်စုတခု၊ လူတချို့ရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

#ဒီမိုကရေစီ အစိုးရလိုပြောရင် အနည်းဆုံးအနေနဲ့တော့ အစိုးရရဲ့ စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိဖို့ လိုပါတယ်။ ပါဝင်ဆောင်ရွက်ခွင့်လို့ ပြောတဲ့အခါမှာလည်း အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ပြီးတော့ အဲလိုပါဝင်ဆောင်ရွက်ကြတဲ့သူတွေဟာ လူကိုကြိုက်လို၊ ပေါ်ပင်ဖြစ်လို့ ပါဝင်လာကြတာမဟုတ်ပဲ အဲလိုပူးပေါင်းပါဝင်ခြင်းသာလျှင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်လို့ ပါဝင်နေကြတာဖြစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ အုပ်ချုပ်သူ အစိုးရတွေဟာလည်း နိုင်ငံသားတွေအပေါ် ဖိနှိပ်အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုတွေ မရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အကာအကွယ်ပေးထားဖို့ လိုသလို အစိုးရ၏ ဥပဒေ၊ မူဝါဒနှင့် လုပ်ဆောင်ချက်များဟာလည်း ပြည်သူလူထု၏ ဘဝသာယာဝပြောရေးအတွက် ဦးတည်ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ မူဝါဒတွေ၊ ဥပဒေတွေဖြစ်ဖို့ လိုပါတယ်။ ဒါတွေကို အကျဉ်းချုပ်ပြီး လူထုပူးပေါင်းပါဝင်ခွင့် (Participation)၊ အားလုံးပါဝင်နိုင်ခွင့် (Pluralism)၊ ဒီမိုကရေစီအသိစိတ်ရှိမှု ( Developmentalism)၊ လူထုအကျိုးစီးပွား ကာကွယ်မှု (Protection) နဲ့ လူထုအကျိုးစီးပွား မြှင့်တင်နိုင်မှု ( Performance) ဆိုပြီး ဖော်ပြကြပါတယ်။

#လူထုပူးပေါင်းပါဝင်ခွင့် အကြောင်း ပြောတဲ့အခါမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်နဲ့ ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခွင့်ဆိုပြီး အပိုင်းနှစ်ပိုင်းရှိကြပါတယ်။ တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်ကို ဆွစ်ဇာလန်နိုင်ငံများ ယနေ့အချိန်အထိတချို့နေရာတွေမှာ တွေ့ရရှိရပါတယ်။ အထူးသဖြင့် ပြည်သူ့မူဝါဒနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လူထုဆန္ဒခံယူပွဲကျင်းပပြီးမှ ဆုံးဖြတ်ဆောင်ရွက်ကြပါတယ်။ အများအားဖြင့်တော့ ကိုယ်စားပြုရွေးချယ်ပြီး ပါဝင်ဆောင်ရွက်ခွင့်ကို ကျင့်သုံးကြပါတယ်။ ပြည်သူလူထုဟာ အစိုးရရဲ့ နိုင်ငံရေးတာဝန်ထမ်းဆောင်မယ့် လူတွေရွေးချယ်တဲ့အခါမှာ ပါဝင်ဆောင်ရွက်ခွင့်ရဖို့လိုပါတယ်။ ပြီးတော့ အဲလို ရွေးချယ်တဲ့အခါမှာ နိုင်ငံသားအားလုံးဟာ ရွေးချယ်ခံပိုင်ခွင့်ရှိဖို့သလို လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိဖို့၊ မဲဆွယ်စည်းရုံးနိုင်ခွင့်ရှိဖို့လို့ လိုပါတယ်။ ရွေးကောက်တင်မြောက်ပြီးရင်လည်း ရွေးကောက်ထားတဲ့သူတွေဟာ နိုင်ငံရဲ့ မူဝါဒတွေ ချမှတ်တဲ့အခါမှာ လူထုအနေနဲ့ သိခွင့်၊ အကြံပြုတင်ပြခွင့်၊ ပါဝင်ခွင့်ရှိဖို့လိုပါတယ်။

#ရွေးကောက်ပွဲမှာ မဲပေးလိုက်ရုံနဲ့ ပါဝင်ခွင့်ရတယ်လို့ သတ်မှတ်လို့ မရသေးပါဘူး။ Vote to Voice - မဲပေးရာကနေ မိမိတို့သဘောထားအမြင်တွေကို ထုတ်ဖော်ပြောဆိုတဲ့အဆင့်ထိ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ လိုအပ်ပါတယ်။ အဲလို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ခွင့်ကို မြှင့်တင်ပေးဖို့၊ ပံ့ပိုးကူညီပေးဖို့အတွက် အရပ်ဖက် အဖွဲ့အစည်းတွေဟာ မူဝါဒ ချမှတ်ခြင်း လုပ်ငန်းတွေမှာ ပြည်သူလူထုကိုယ်စား ပါဝင်ဆောင်ရွက်ခြင်း/ လူထုအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ကူညီပံ့ပိုးပေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲများတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်နိုင်အောင် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲများသည် မျှတပြီး လွတ်လပ်မှုရှိမရှိကို စောင့်ကြည့်ခြင်း၊ ရွေးချယ်ခံ ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရာတွင် ပါဝင်ခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးကြပါတယ်။

#ပါဝင်ခွင့်လို့ ပြောတဲ့အခါမှာ လူအားလုံးပါဝင်နိုင်ဖို့အရေးကလည်း အလွန်အရေးကြီးပါတယ်။ အေသင်ဒီမိုကရေစီခေတ်မှာဆိုရင် တိုက်ရိုက်မဲပေးလို့ရပေမယ့်လည်း မဲပေးနိုင်ခွင့်ရှိသူတွေ၊ ပါဝင်နိုင်ခွင့်ရှိသူတွေမှာ ပညာတတ်/လူချမ်းသာတွေပဲ ပါဝင်ခွင့်ရခဲ့တာပါ။ အမျိုးသမီးတွေ၊ ကျွန်တွေ၊ ဆင်းရဲသားတွေဟာ ပါဝင်ခွင့် မရရှိခဲ့ပါဘူး။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ၁၉၁၈ ဝန်းကျင်မှ ရရှိခဲ့ပြီး ဒီမိုကရေစီရဲ့ ဘိုးအေကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့ မဲပေးခွင့်ကို ၁၉၆8 တဝိုက်မှ ရရှိခဲ့တာပါ။ တောင်အာဖရိကတိုက်မှာဆိုရင် ဒေသခံလူမည်းတွေအတွက် မဲပေးခွင့်ဟာ ၁၉၉၄ တဝိုက်မှသာ ရရှိခဲ့တာပါ။ ဒီမိုကရေစီစနစ်မှာ အားလုံးပါဝင်နိုင်ဖို့၊ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့အတွက် ဒီမိုကရေစီလှုပ်ရှားတွေများစွာမှာ လူ့အသက်ပေါင်းများစွာ စတေးပြီး လုပ်ဆောင်ခဲ့ကြရတာပါ။ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရေစီလို့ ပြောရင် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့် (တနည်း) ဗဟုဝါဒ ထွန်းကားဖို့ လိုအပ်ပါတယ်။ လူ့တချို့ကို ချန်ထားပြီး၊ ခွဲခြားပြီး လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ အဲဒီအတွက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ အမေ့လျော့ခံ လူအုပ်စုများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ထိုသူတို့၏ လိုအပ်ချက်များကို ကိုယ်စားပြု ပြောဆိုပေးခြင်း၊ ဒီမိုကရေစီဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထိုသူတို့ပါဝင်နိုင်အောင် တိုက်တွန်းနှိုးဆော်ခြင်း၊ လူထုအတွင်း ခွဲခြားဆက်ဆံမှု လျော့နည်းစေရန်အတွက် ပညာပေးခြင်း/ စည်းရုံးလှုံ့ဆော်ခြင်း စတဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြပါတယ်။

#အထက်မှာ ပြောခဲ့သလို ဒီမိုကရေစီဆိုတာ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ပဲ ပြီးတဲ့ ကိစ္စမဟုတ်ပဲ လူ့အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်သူတွေမှာ ဒီမိုကရေစီ အသိစိတ် ( ရေချိန်) မြှင့်နေဖို့၊ ခိုင်မာအားကောင်းနေဖို့ လိုပါတယ်။ လူ့အဖွဲ့အစည်းမှာ နေထိုင်သူတွေအားလုံးဟာ ဒီမိုကရေစီ အသိပညာတွေ၊ အလေ့အထတွေကို နားလည်လက်ခံ ကျင့်သုံးမှ ဒီမိုကရေစီစနစ်ဟာ ရေရှည်ခံမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်တွေ၊ ပညာတတ်တွေလောက်ပဲ ဒီမိုကရေစီအသိစိတ် ရှိနေပြီး ကျန်တဲ့ သူတွေမှာ ရှိမနေဘူးဆိုရင် ဒီမိုကရေစီနိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုအဖြစ် ဖြစ်တည်လာဖို့ အလွန်ပဲ ခက်ခဲပါတယ်။
၁၈ ရာစု ပြင်သစ်အတွေ့အခေါ်ပညာရှင် မွန်တက်စကျူနှင့် ၁၉ ရာစု အတွေးအခေါ်ပညာရှင် ဂျွန်စတူးဝပ်မီးလ်တို့က နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ ကျင့်ထုံးစနစ်တွေ တည်ဆောက်ဖို့ဆိုရင် အဲဒီလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ သဟဇာတဖြစ်မှ တည်ဆောက်လို့ ရမယ်လို့ ပြောခဲ့ပါတယ်။ လူတွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး စနစ်ကိုပဲ ကျင့်သုံးလိုကြပြီး မကိုက်ညီတဲ့ ယဉ်ကျေးမှုစနစ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲကျင့်သုံးလိုမှု နည်းပါးကြတယ်လို့ ဆိုကြပါတယ်။ တချို့ပညာရှင်တွေကတော့ ယဉ်ကျေးမှုတွေဟာ ဒီမိုကရေစီကို ဟန့်တားတဲ့ အရာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ပြောဆိုကြပြီး တချိန်တည်းမှာပဲ ယဉ်ကျေးမှုကပဲ ဒီမိုကရေစီကို ဖော်ဆောင်တဲ့အခါမှာ အထောက်အကူဖြစ်တယ်လို့လည်း ကောက်ချက်ချသူတွေ ရှိနေပြန်ပါတယ်။

#ဟန်တင်တန်ကတော့ သူရဲ့ The Clash of Civilization ( ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း) ဆိုတဲ့ စာအုပ်မှာ “ယနေ့ ကမ္ဘာမှာ လစ်ဘရယ်အယူအဆတွေဖြစ်တဲ့ တသီးပုဂ္ဂလဝါဒ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်တဲ့ဈေးကွက်၊ ဒီမိုကရေစီ၊ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားခြင်း စတာတွေဟာ အစ္စလာမ်၊ ကွန်ဖြူးရှပ်၊ ဟိန္ဒူ နဲ့ ဗုဒ္စဘာသာ အတွေးအခေါ်လွမ်းမိုးတဲ့ယဉ်ကျေးမှု စနစ်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး” ဆိုပြီး ဝေဖန်ဆွေးနွေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှုကတော့ ဗုဒ္ဒဘာသာမှ ပါဝင်တဲ့ အခြေခံ သင်ကြားချက်တွေဖြစ်တဲ့ မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါး စတဲ့ သဘောတရားတွေဟာ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်နိုင်တယ်လို့ သူမရေးသားတဲ့ ဒီမိုကရေစီရှာပုံတော် ဆိုတဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြဆွေးနွေးထားပါတယ်။

#ယဉ်ကျေးမှုလို့ ဆိုတဲ့အခါမှာ ဒီမိုကရေစီကို တည်တံ့အောင် ထိန်းပေးတဲ့ အရပ်ဘက်ယဉ်ကျေးမှု ( civic culture) ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အရပ်ဘက်ယဉ်ကျေးမှုမှာ အပိုင်း (၄) ပိုင်းရှိပါတယ်။ အဲဒါတွေကတော့ လူတဦးချင်းစီမှာ နိုင်ငံရဲ့ အရေးရာတွေနဲ့ ပါတ်သတ်ပြီး ဆုံးဖြတ်ချက် ချမှတ်တဲ့အခါမှာ ပါဝင်လွှမ်းမိုးနိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ လက်ရှိ နိုင်ငံရေး စနစ်အပေါ် အကြီးအကျယ်ထောက်ခံမှု၊ လူအဖွဲ့အစည်းတွင်း လူအချင်းချင်းကြား အပြန်အလှန်ယုံကြည်မှုနဲ့ လူအဖွဲ့အစည်းကို တဆင့်ချင်း ပြောင်းလဲမှုကို ပိုမိုလိုလားမှုတို့ပဲဖြစ်ပါတယ်။ အဲလို အရပ်ဘက်ယဉ်ကျေးမှုတွေ အားကောင်းနေရင် ဒီမိုကရေစီဖော်ဆောင်ခြင်းနဲ့ ထိန်းသိမ်းခြင်းတို့မှာ ပိုပြီး အထောက်အပံ့ဖြစ်စေတယ်လို့ ပညာရှင်အချို့က ဖွင့်ဆိုကြပါတယ်။
အဲလို လူအဖွဲ့အစည်းအတွင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ဆိုရင် လူထုအတွင်းမှာ ဒီမိုကရေစီ အသိစိတ်တွေ ဖွံ့ဖြိုးလာဖို့လိုပါတယ်။ ဒါကြောင့်လည်း အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ အသိပညာများ တိုးပွားလာစေရန်အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးများ၊ ဖိုရမ်များ လုပ်ဆောင်ခြင်း၊ စာအုပ်စာပေများ ထုတ်ဝေဖြန့်ဖြူးခြင်း၊ အစိုးရအဖွဲ့အစည်းများမှ ဒီမိုကရေစီအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လာရန် တိုက်တွန်းပြောဆိုခြင်း။ အခြားနိုင်ငံတကာမှ နည်းပညာ၊ ရံပုံငွေနှင့် ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုများ ရယူပြီး ဒီမိုကရေစီအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားစိုက်ပြီး လုပ်ဆောင်နေကြပါတယ်။
အာဏာဆိုတာ လူကိုပျက်စီးစေပါတယ်။ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီစနစ်ဟာ အစိုးရတွေရဲ့ အာဏာကို ကန့်သတ်ဖို့၊ ထိန်းညှိဖို့အတွက် ရည်ရွယ်ခဲ့တာပါ။

# ဒီမိုကရေစီစနစ်မှာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအပေါ် ထိခိုက်မှု မရှိစေဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေချမှတ်ပြီး ပြည်သူလူထုအကျိုးစီးပွားကို အကာအကွယ်ပေးထားပါတယ်။ အစိုးရအနေနဲ့ ဘာတွေလုပ်ခွင့်ရှိတယ်၊ ပြည်သူလူထုမှာ ဘာအခွင့်အရေးတွေရှိတယ်၊ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့်အတွက် ဘယ်လိုအကာအကွယ်ပေးထားမယ်ဆိုတာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲပြီး ပြဌာန်းပေးထားရပါတယ်။ ပြီးတော့ အစိုးရအတွင်း မဏ္ဍိုင်သုံးရပ်ခွဲဝေကာ အာဏာအလွန်အကျွံသုံးစွဲမှုတွေ ဖြစ်မလာလို့အတွက် အချင်းချင်းထိန်းညှိတဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ပြီး လုပ်ဆောင်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲတွေကို ပုံမှန်ကျင်းပပေးခြင်းအားဖြင့် လူထုအကျိုးစီးပွားကို ဖိနှိပ်တတ်တဲ့ ရွေးကောက်ခံနိုင်ငံရေး အာဏာရှင်တွေ ပေါ်ထွန်းမလာဖို့လည်း လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် အတိုက်အခံဘဝမှာ ဘယ်လိုပဲ လူထုအကျိုးစီးပွားကို ရှေ့ရှုပါတယ်ပြောပြော အစိုးရဖြစ်လာတဲ့အခါမှာ အစိုးရလိုပဲ စဉ်းစား၊ပြုမှု လုပ်ဆောင်လေ့ရှိကြပါတယ်။

#ဒါကြောင့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ လူထုအကျိုးစီးပွားထိခိုက်မှုတွေရှိလာရင် လူထုအတွက် အကာအကွယ်ပေးဖို့၊ ပြောဆိုဆောင်ရွက်ပေးဖို့ လိုအပ်လာပါတယ်။ အဲဒီအတွက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ အစိုးရ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူအခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ၊ ချို့ဖောက်ခံရပါက မှတ်တမ်းတင် တိုင်ကြားမှုများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အရေးဆိုဆောင်ရွက်မှုများတွင် ပါဝင်ဦးဆောင်ခြင်း။ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းတွေကို ဖော်ဆောင်ပြီး လူထုအကျိုးအတွက် စုစည်းဆောင်ရွက်ကြပါတယ်။
ဒီမိုကရေစီမှာ အရေးကြီးတဲ့ စကားလုံးတလုံးက “For the people” ( လူထုအတွက်) ဆိုတဲ့ စကားလုံးပါ။

#ဒီမိုကရေစီ စနစ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြခြင်း၊ လုပ်ဆောင်ခဲ့ကြခြင်းဟာ လူတစ်ဦးတယောက်အတွက်၊ ပါတီအဖွဲ့အစည်းတခုအတွက် မဟုတ်ပါဘူး။ လူထုအကျိုးစီးပွားကို ပိုမိုကောင်းမွန်အောင် ဖော်ဆောင်ပေးဖို့အတွက်ပါ။ ဒီမိုကရေစီမှာ အစိုးရတိုင်းဟာ လူထုအကျိုးစီးပွားကို ဆောင်ရွက်ဖို့ လူထုအကျိုးစီးပွားကို ထင်ဟပ်တဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေ ရှိဖို့လိုပါတယ်။ အဲဒီမူဝါဒတွေ၊ လုပ်ဆောင်ချက်တွေဟာလည်း လူတွေရဲ့ ဘဝအရည်အသွေးတွေ မြင့်မားလာဖို့၊ လူတွေရဲ့ ပျော်ရွှင်ကျေနပ်မှုကို ပေးဆောင်နိုင်ဖို့လိုပါတယ်။ ဥပမာပြောရရင် ဒီမိုကရေစီဟာ လူတွေရဲ့ ဝင်ငွေ၊ စာတတ်မြောက်မှု၊ ဘဝသက်တမ်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီမှု စတဲ့ အချက်တွေကို ပိုမိုကောင်းမွန်တိုးတက်လာဖို့အတွက် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒီမိုကရေစီလို့ပြောပြီး ထမင်းအငတ်နေခိုင်းလို့ မရပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ လူထုအကျိုးစီးပွားကို ဖော်ဆောင်မှုရှိမရှိအတွက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ မူဝါဒများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စောင့်ကြည့်ခြင်း၊ အဂတိလိုက်စားမှုများကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်း၊ ပြည်သူ့ရေးရာ ကိစ္စများကို ဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လူထုလိုအပ်ချက်များအတွက် ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးခြင်း စတဲ့ လုပ်ဆောင်တွေကို ဆောင်ရွက်ကြပါတယ်။ တခါတရံမှာတော့ လူထုအကျိုးစီးပွားအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာမျိုးလည်း ရှိပါတယ်။

#ဒီမိုကရေစီနိုင်ငံရေး စနစ်တခုဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုမရှိရင် ဘယ်လိုမှ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ နိုင်ငံရေး စနစ်တခုဖြစ်လာဖို့အတွက် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခန်းကဏ္ဍဟာ အရေးပါသလို ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုတည်ဆောက်တဲ့အခါမှာလည်း အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းဟာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ ပန်း လိုပဲ အတူတကွ တွဲဖက်တည်ဆောက်ကြရာမှာ အရေးကြီးပါတယ်။ အဲလိုပဲ ဒီမိုကရေစီ နိုင်ငံရေးစနစ်အတွက် ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုအတွက် ပါဝင်ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ခွဲခြားထားလို့ မပါဘူး။ ဒီမိုကရေစီ မထွန်းကားတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီစနစ်ဘယ်လိုမှ အမြစ်တွယ်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေတစ် လူ့အဖွဲ့အစည်းတခုကို စနစ်တကျ တည်ထောင်ဖို့ ရည်သန်ထားကြတယ်ဆိုရင်တော့ ဒီမိုကရေစီတည်ထောင်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍကို အလေးထား စဉ်းစားဖို့ လိုပြီဖြစ်ပါကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။

ကိုးကား ။
၁။ Democratization; A brief paper for AP Comparative Government & Politics, G. Bingham Powell, Jr. & Eleanor N. Powell
၂။ The Clash of Civilization and The Remarking of World Order, Samuel P.Huntington
၃။ ဒီမိုကရေစီ ရှာပုံတော်၊ ဒေါ်အောင်ဆန်းစုကြည်၊
၎။ Analyzing Politics; An Introduction to Political Sciences, Ellen Grigsby

ရေးသားသူ
မောင်ထွန်း

No comments:

Post a Comment