Sunday, September 16, 2018

W h a t i s G o o d G o v e r n a n c e?


ကောင်းမွန်သော စီမံအုပ်ချုပ်မှု(Good Governance) ဆိုသည်မှာအဘယ်နည်း
မကြာသေးမီက စီမံအုပ်ချုပ်မှု(Governance)၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှု(Good Governance)ဆိုသည့် အသုံးအနှုန်းများကို ဖွံ့ဖြိုးရေး နယ်ပယ် တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ပျက်စီးယိုယွင်းမှုများ၏ အဓိက ဇာစ်မြစ်သည် ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုဖြစ်သည်ကို တစထက်တစ လက်ခံလာကြသည်။ အလှူရှင်များ၊ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု စနစ်အတွက် ပြုပြင်ပြောင်းလဲနေမှုများအပေါ် ချေးငွေများ၊ အကူအညီများ ပံ့ပိုးလာကြသည်။
United Nations, Economics and Social Commission for Asia and the Pacific ၏
ဤဆောင်းပါးတွင် စီမံအုပ်ချုပ်မှု(Governance) နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု(Good Governance) နှင့်ပတ်သက်၍ ရှင်းလင်းစွာ တင်ပြထားပါသည်။
UNESCA၏ ဆောင်းပါးကို ProAct Myanmar team ရဲ့ Junior Consultant တစ်ဦးဖြစ်တဲ့ မရွှန်းလဲ့မွန်က ဘာသာပြန်ပေးထားပါတယ်  💚 💛 💜

စီမံအုပ်ချုပ်မှု (Governance)
စီမံအုပ်ချုပ်မှု (Governance) ဟူသော ကိစ္စရပ်သည် အသစ်အဆန်းတော့ မဟုတ်ချေ။ လူသားသမိုင်း အစမှ ကတည်းက တည်ရှိခဲ့သည် ပြောနိုင်သည်။ စီမံအုပ်ချုပ်မှု (Governance)ကို အရှင်းလင်းဆုံး ဖွင့်ဆိုရ မည်ဆိုပါက ဆုံးဖြတ်ချက် ချမှတ်သည့် ဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရမည့် ဖြစ်စဉ် (အကောင် အထည်ဖော်သည်ထိ မဟုတ်တာမျိုးလည်း ရှိနိုင်သည်)ဟု ဆိုနိုင်ပေသည်။ စီမံ အုပ်ချုပ်မှု (Governance)ကို နယ်ပယ်အသီးသီးတွင် တွေ့နိုင်သည်။ ဥပမာ- ကော်ပရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှု၊ အပြည်ပြည်ဆိုင်ရာ စီမံအုပ်ချုပ်မှု၊ နိုင်ငံတော်အဆင့် စီမံအုပ်ချုပ်မှု၊ ဒေသဆိုင်ရာ စီမံအုပ်ချုပ်မှု။ စီမံအုပ်ချုပ်မှု(Governance)၏ သဘော ကိုယ်၌မှာပင် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်ခြင်းသဘော တို့ပါဝင်နေ သည့်အတွက် စီမံအုပ်ချုပ်မှုကို စီစစ်သုံးသပ်ရာတွင် ဆုံးဖြတ်ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းဖြစ်စဉ်တွင် အဓိက/သွယ်ဝိုက်၍ ပါဝင်ပတ်သက်သူများနှင့် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် ပါဝင်မည့် အဓိက/သွယ်ဝိုက် ဖွဲ့စည်းမှုအဆောက်အဦများကို ဦးတည်ဝေဖန် အကဲဖြတ်ရမည်။
အစိုးရသည် စီမံအုပ်ချုပ်မှုဖြစ်စဉ်အတွင်းမှ အဓိကကကျသည့် ဇာတ်ကောင်တစ်ခုဖြစ်သည်။ ဆုံးဖြတ်ချက် ချမှတ်သည့်ဖြစ်စဉ်၏ အခြားသော ဇာတ်ကောင်များမှာ ဆွေးနွေးခဲ့သည့် စီမံအုပ်ချုပ်မှုပုံစံအမျိုးမျိုးပေါ်လိုက်၍ ပြောင်းလဲနိုင်သည်။ ကျေးလက်ဒေသများရှိ အခြားဇာတ်ကောင်များတွင် ဩဇာရှိသည့် မြေပိုင်ရှင်များ၊ လယ်သမား အစည်းအရုံး၊ စီးပွားရေးလုပ်ငန်းစုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ၊ စစ်တပ်တို့ပါဝင်သည်။ မြို့ပြတွင်မှု ပိုမိုများပြားကျယ်ပြန့်သော ဖွဲ့စည်းမှုမျိုး ရှိသည်။ ပုံ၁ သည် မြှို့ပြစီမံအုပ်ချုပ်မှုတွင်ပါဝင်သည့် အခြား ဇာတ်ကောင်များအကြား ချိတ်ဆက်မှုကို ဖော်ပြထားသည်။ နိုင်ငံတော်အဆင့် စီမံအုပ်ချုပ်မှုကို ကြည့်လျှင် မီဒီယာများ၊ လော်ဘီများ၊ နိုင်ငံတကာအလှူရှင်၊ နိုင်ငံတကာကော်ပိုရေးရှင်းကြီးများသည် ဆုံးဖြတ်ချမှတ်ရာတွင် ပါဝင်ကြသလို ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်ကို လွှမ်းမိုးသည့် အနေအထားဖြင့်လည်း ပါဝင်သည်။ အစိုးရနှင့် စစ်တပ်မှလွဲ၍ ကျန်ပါဝင်ပတ်သတ်သူများကို အရပ်ဖက်အဖွဲ့အစည်းများဟုခေါ်နိုင်သည်။ ထို့ပြင် မြို့ပြအဆင့် စီမံအုပ်ချုပ်မှုနှင့် နိုင်ငံတော်အဆင့် စီမံအုပ်ချုပ်မှုတွင် ရာဇဝတ်ဂိုဏ်းဂဏ အဖွဲ့အစည်းများသည်လည်း ဆုံးဖြတ်ချချမှတ်သည့် ဖြစ်စဉ်များတွင် လွှမ်းမိုးနိုင်လေ့ရှိကြသည်။ ပုံမှန် အစိုးရ ယန္တရား အဖွဲ့အစည်းများသည် ဆုံးဖြတ်ချက်များချမှတ်ဖော်ဆောင်လေ့ရှိသည့် ဇာတ်ကောင်ဖြစ်သည်။ နိုင်ငံတော်အဆင့် တွင် အကြံပေးကဲ့သို့ သော အဖွဲ့အစည်း/ပုဂ္ဂိုလ်များသည် တရားဝင် ဆုံးဖြတ်ချမှတ်သူမဟုတ်သော်ငြား ဆုံးဖြတ်ချက် ချမှတ်သည့် ဖြစ်စဉ်တွင် တနည်းတဖုံဖြင့် ပါဝင်ကြသည်။ မြိုပြများတွင် မာဖီယားကဲ့သို့သော ဂိုဏ်းများသည် ဆုံးဖြတ်သည့် ချမှတ်သည့် ဖြစ်စဉ်တွင် လွှမ်းမိုးမှုရှိကြသည်။ အချို့သော ကျေးလက်ဒေသများတွင် ရပ်ရွာတွင် ဩဇာအာဏာရှိသည့် မိသားစုများသည် ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်တွင် လွှမ်းမိုးမှု ရှိကြသည်။ ပုံမှန်(တရားဝင်)မဟုတ်သည့်နည်းလမ်းဖြင့် ဆုံးဖြတ်ချမှတ်မှုတွင်ပါဝင်ခြင်းသည် အကျင့်ပျက်ချစားမှု၏ အကျိုးဆက်(သို့) အကျင့်ပျက် ချစားမှုကို ဦးတည်စေမည့် နည်းလမ်းပင် ဖြစ်သည်။
ကောင်းမွန်သော စီမံအုပ်ချုပ်မှု
ကောင်းမွန်သော စီမံအုပ်ချုပ်မှု၏ လက္ခဏာ (၈)ရပ်ရှိသည်။ ယင်းတို့မှာ
- ပူးပေါင်းပါဝင်မှု(Participatory)
- အားလုံးသဘောတူညီမှုကို ဦးတည်ခြင်း(Consensus Oriented)
- တာဝန်ခံမှု(Accountable)
- ပွင့်လင်းမြင်သာမှု(Transparent)
- တုံ့ပြန်ဆောင်ရွက်နိုင်မှု(Responsive)
- အကျိုးရှိထိရောက်မှု(Effective and Efficient)
- တန်းတူညီမျှမှုနှင့် အလုံးစုံပါဝင်တည်ရှိနေစေမှု(Equitable and Inclusive)
- တရားဥပဒေစိုးမိုးမှု(Rule of Law)

ဤနည်းဖြင့် အကျင့်ပျက်ချစားမှုများကို အနိမ့်ဆုံးလျှော့ချပေးသည်။ လူနည်းစုအုပ်စု၏ အမြင်များ၊ နစ်နာ ထိခိုက်လွယ် လူအုပ်စုတို့၏ အသံများကို ဆုံးဖြတ်ချက်ချမှတ်ရာတွင် ထည့်သွင်းပေးနိုင် သည်။ ထို့ပြင် လူ့အဖွဲ့အစည်း၏ မျက်မှောက်/အနာဂတ်လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်သည်။

ပူးပေါင်းပါဝင်မှု(Participatory)
အမျိုးသမီးရော အမျိုးသားပါ ပါဝင်ခြင်းသည် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၏ အဓိက အချက်ဖြစ်သည်။ ပါဝင်ခြင်းဟုဆိုရာတွင် တိုက်ရိုက်ပါဝင်ခြင်းဖြစ်နိုင်သလို ကြားခံအဖြစ် တရားဝင်ကိုယ်စားပြု အဖွဲ့အစည်း တစ်ရပ်(သို့)လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လည်း ဖြစ်နိုင်သည်။ အရေးကြီးသည့်အချက်မှာ ကိုယ်စားပြု ဒီမိုကရေစီသည် လူ့အဖွဲ့အစည်းအတွင်း နစ်နာဆုံးရှုံးလွယ်အုပ်စု၏ အသံများကို ဆုံးဖြတ်ချက် ချမှတ်သည့် ဖြစ်စဉ်တွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားခြင်း ကို မဆိုလိုကြောင်း ဖြစ်သည်။ ပါဝင်ခြင်းသည် အားလုံးကို အသိပေးထားရမည် ဖြစ်သည့် အပြင် စုပေါင်းဖွဲ့စည်းမှု ရှိရန် လိုသည်။ ဤတွင် တစ်ဖက်မှ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့ကို ဆိုလိုပြီး ကျန်တစ်ဖက်မှ အရပ်ဖက် အဖွဲ့ အစည်းများ စုစည်းတည်ရှိမှု ကို ဆိုလိုသည်။

တရားဥပဒေစိုးမိုးမှု(Rule of Law)
ကောင်းမွန်သော စီမံအုပ်ချုပ်မှုတွင် ဘက်လိုက်ခြင်း အလျင်းမရှိပဲ အသက်ဝင်နေသည့် တရားမျှတမှု ဥပဒေမှုဘောင် တစ်ရပ်လိုအပ်သည်။ ထို့ပြင် လူ့အခွင့်အရေးကို အပြည့်အဝအကာအကွယ်ပေးမှု(အထူးသဖြင့် လူနည်းစုများအပေါ်)လိုအပ်သည်။ ဘက်လိုက်မှုမရှိသော ဥပဒေတစ်ရပ် အသက်ဝင်ရန်မှာ လွတ်လပ်သော တရားစီရင်ရေးနှင့် ဘက်လိုက်မှုကင်းမဲ့ပြီး ချစားမှုမရှိသော ရဲတပ်ဖွဲ့လည်း လိုအပ်သည်။

ပွင့်လင်းမြင်သာမှုရှိခြင်း(Transparency)
ပွင့်လင်းမြင်သာမှုရှိခြင်း(Transparency)သည် ချမှတ်လိုက်သော ဆုံးဖြတ်ချက်များနှင့် ယင်းတို့ကို အသက်ဝင်ရန် အကောင်အထည်ဖော်ရာတွင် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ (ဆုံးဖြတ်ချက်နှင့် ပတ်သက်သည့်)သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူနိုင်ခြင်းနှင့် ယင်းဆုံးဖြတ်ချက်ကို သက်ရောက်မှုရှိသူများထံ (ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့်)သတင်းအချက်အလက် များကို တိုက်ရိုက်ရရှိနိုင် ရမည် ဖြစ်သည်။ တနည်းဖြင့်ဆိုလျှင် လုံလောက်သော အချက်အလက်များကို ရှင်းလင်းလွယ်ကူသော ပုံစံဖြင့် လွယ်ကူလက်လှမ်းမီသော မီဒီယာမှတစ်ဆင့် ရယူနိုင်ရမည် ဖြစ်ပါသည်။

တုံ့ပြန်မှုဆောင်ရွက်ရှိခြင်း(Responsiveness)
ကောင်းမွန်သော စီမံအုပ်ချုပ်မှုတွင် တာဝန်ရှိအဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်များသည် သက်ဆိုင်သူ အားလုံးအတွက် လိုအပ်ချက်များကို သင့်တော်သည့် အချိန်အတွင်း တုံ့ပြန်ဖြေရှင်းနိုင်ရမည်။
အားလုံးသဘောတူညီချက်ကို ဦးတည်ခြင်း(Consensus Oriented)
အဖွဲ့အစည်းတစ်ရပ်အတွင်း ဇာတ်ကောင်အသီးသီး၊ အမြင်အမျိုးမျိုး နှင့် မတူညီသော အကျိုးစီးပွား အသီးသီးရှိနေပေသည်။ ကောင်းမွန်သော စီမံအုပ်ချုပ်မှုတစ်ရပ်တွင် အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အကောင်း ဆုံး အကျိုးစီးပွားကာ အဘယ်နည်းနှင့် ယင်းကို မည်သို့ ရရှိအောင် ဆောင်ရွက်ရမည် နည်းတို့ကို ဗဟိုပြု၍ ကျယ်ပြန့်သော၊ အားလုံးလက်ခံနိုင်သော ဘုံသဘောတူညီချက်တစ်ရပ်ဆီသို့ ဖော်ဆောင်ရမည်။ ယင်းသို့ဖော်ဆောင်ရာတွင် အဖွဲ့အစည်းအတွင်း ပါဝင်နေသူအားလုံးဘက်မှ အလျော့အတင်း ပြုလုပ်ရမည့် ညှိနှိုင်းမှုတစ်ရပ် လိုအပ်သည်။ ဤတွင် ရေရှည်တည်တံ့မည့် လူအရင်းအမြစ် တိုးတက်မှုအတွက် လိုအပ်ချက်များကို ဖော်ထုတ်၍ ယင်းကို မည်သို့ရရှိအောင် ဆောင်ရွက်ရမည်ကို ထည့်သွင်းစဉ်းစားထားသည့် ရေရှည် ရှေးရှု့သည့် အမြင်ကျယ်မှု လိုအပ်သည်။ ထို့အတွက် လူ့အဖွဲ့အစည်းတစ်ရပ်၏ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ နောက်ခံအကြောင်းတရားများကို ကောင်းစွာ နားလည်သဘောပေါက်ထားရမည် ဖြစ်သည်။
တန်းတူညီမျှမှုနှင့် အလုံးစုံပါဝင်တည်ရှိစေမှု(Equity and Inclusiveness)
လူ့အဖွဲ့အစည်းတစ်ရပ်၏ ကောင်းကျိုးချမ်းသာသည် ထိုအဖွဲ့အစည်းအတွင်း ပါဝင်သူတိုင်းသည် ယင်းအဖွဲ့အစည်းတွင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေကြောင်း ခံစားနေစေရမည့်၊ ယင်းအဖွဲ့အစည်း၏ ပင်မရေစီးနှင့် ကင်းကွာနေသည် ဟု မခံစားနေရစေရမည့် အခြေအနေပေါ်တွင် မူတည်နေသည်။ လူ့အဖွဲ့အစည်းရှိ အုပ်စုတိုင်း အထူးသဖြင့် နစ်နာလွယ်အုပ်စုသည် ယင်းတို့၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်ခွင့်၊ ထိန်းသိမ်းကာကွယ်ခွင့် ရှိနေစေရမည်။

အကျိုးရှိထိရောက်မှု(Effectiveness and Efficiency)
ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုသည်မှာ တာဝန်ရှိအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များသည် ပြည်သူလူထု၏ လိုအပ်ချက်များကို ထိထိရောက်ရောက်ဖြည့်ဆည်းပေးနိုင်သည့် ရလဒ်များထွက်အောင် ဆောင်ရွက်နေစဉ်တွင် ယင်းအတွက် လိုအပ်သည့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုသွားနိုင်ရေးပင်ဖြစ်သည်။ ထိရောက်မှု (Efficiency)သည် ဤနေရာတွင် သဘာဝသယံဇာတများကို ရေရှည်ကျန်ရစ်မည့် နည်းလမ်းဖြင့် အသုံးပြုရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးတို့ပါဝင်သည်။

တာဝန်ခံမှု(Accountability)
တာဝန်ခံမှုသည် ကောင်းမွန်သော စီမံအုပ်ချုပ်မှုအတွက် အဓိက လိုအပ်ချက်ဖြစ်သည်။ အစိုးရအဖွဲ့အစည်း များသာမက ပုဂ္ဂလိကလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် ပြည်သူနှင့် အဖွဲ့အစည်းတစ်ခုချင်း အတွင်း သက်ဆိုင်သူအားလုံးကို တာဝန်ခံရမည်။ မည်သူက မည်သူ့ကို တာဝန်ခံရမည် ဆိုသည့် ကိစ္စသည် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်/လုပ်ဆောင်ချက်၏ သက်ရောက်မှုသည် အဖွဲ့အစည်းအတွင်း(သို့)အပြင်၌ ရှိသည်လားဆိုသည့် အပေါ်မူတည်၍ ပြောင်းလဲနေသည်။ ခြုံငုံပြောရလျှင် အဖွဲ့အစည်းတစ်ခုသည် ယင်းတို့၏ ဆုံးဖြတ်ချက်/လုပ်ဆောင်ချက်ကြောင့် သက်ရောက်မှုရှိသည့် မည်သူ့ကို မဆိုတာဝန်ခံရသည်။ တာဝန်ခံမှုသည် ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုမရှိပါက အသက်မဝင်နိုင်ချေ။
နိဂုံးချုပ်
ဖော်ပြပါ ဆွေးနွေးချက်များအရ ကောင်းမွန်သော စီမံအုပ်ချုပ်မှုတစ်ရပ် အလုံးစုံပေါ်ထွက်ရေးဟူသည့် ကိစ္စသည် ဖော်ဆောင်ရန် မလွယ်ကူသည့် စံတစ်ရပ်ဖြစ်သည် ကို ရှင်းလင်းစွာ သဘောပေါက်နိုင်ပေသည်။ လက်ရှိကမ္ဘာ ပေါ်တွင် နိုင်ငံအနည်းငယ်နှင့် အဖွဲ့အစည်းအနည်းငယ်သာ အနီးစပ်ဆုံးဖော်ဆောင်နိုင်သေးသည်။ မည်သို့ပင်ဆိုစေကာမူ ရေရှည်တည်တံ့သော လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းစံကိုပင် ဦးတည်ကာ လက်တွေ့ပေါ်ပေါက်လာနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်သည်။

ဘာသာပြန်ရေးသားသူ
ဒေါ်ရွှမ်းလဲ့မွန်

No comments:

Post a Comment