Monday, September 17, 2018

အနိုင်ကျင့်ခြင်း


ရည်ရွယ်၍ ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ တစ်စုံတစ်ဦးကို စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်နစ်နာသည်အထိ တစ်ဦးသို့မဟုတ် တစ်ဖွဲ့ကလုပ်ဆောင်ခြင်းကို အနိုင်ကျင့်ခြင်းဟု ခြုံငုံခေါ်ဆိုပါသည်။ အနိုင်ကျင့်ခြင်းသည်လည်း လူ့ဘောင် အသိုင်းအဝိုင်းအားလုံးက ခံစားရသည့် လူမှု ပြဿနာဖြစ်သည်။

ယခုခေတ်တွင် အနိုင်ကျင့်ခြင်းသည် မီဒီယာကြောင့် အင်မတန်လွယ်လာသည်။ မီဒီယာတစ်ခုခု သုံးစွဲနိုင်သူက အနိုင်ကျင့်ခံရသူ အလွယ်တကူဖြစ်နိုင်သကဲ့သို့၊ ကိုယ်ကိုယ်တိုင်လည်း အနိုင်ကျင့်မှုကို ကျူးလွန်သူဖြစ်ရန် လွယ်ကူလွန်းလာသည်။

မျက်နှာ ချင်းဆိုင်တွင် မည်သို့မျှ ပြောထွက်မည် မဟုတ်သော စကားများကို မျက်နှာချင်းဆိုင်မဟုတ်သော မီဒီယာတစ်ခုခုကြားခံရှိလျှင် လွှတ်ကနဲ ပြောလိုက်မိကြသည်က များသည်။ မီဒီယာ ကြားခံနှင့် ပြောမိခြင်းကြောင့် အပြင်တွင် ပြောလျှင် မိမိခံစားရမည့် နောက်ဆက်တွဲ ပြဿနာများ ချက်ချင်း ဖြစ်ပေါ်ခံစားရမည်မဟုတ်ခြင်းကြောင့် ပြောထွက်မိခြင်းဖြစ်သည်။ Chat room တစ်ခုခုတွင်စကားဖောင်ဖွဲ့နိုင်သော်လည်း အပြင်လူကိုယ်တိုင်တွေ့သောအခါ ဘာပြောရမှန်း မသိ ဖြစ်ခြင်းကလည်း ဤ သဘောပင်။

Facebook သုံးစွဲမှု အလွန်မြင့်မားသော မြန်မာနိုင်ငံတွင် FB မှ တစ်ဆင့် အနိုင်ကျင့်ခြင်းများစွာ မြင်ရသည်။ မိန်းကလေးများကို ရုပ်အနေအထား အဝတ်အစားအပြုအမူများနှင့် ပတ်သက်ပြီး၊ ယောကျာ်းလေးများကို ၄င်းတို့ လိင်တိမ်းညွှတ်မှုနှင့် ပတ်သက်ပြီး သာမက၊ ကြောက်မက်ဖွယ် အကြမ်းဖက်မှု ခံစားရသူများ၊ အကျိုးစီးပွားထိခိုက်ခံရသူများနှင့် အသက်ဆုံးရရှာသူများကိုပါ တိုက်ရိုက် သွယ်ဝိုက် အနိုင်ကျင့်ခြင်း များ တွေ့ရသည်။

သို့သော် ကျူးလွန်သူအားလုံးက သဘောဆိုးရှိနေခြင်းလည်း မဟုတ်ပေ။ မီဒီယာ၏ သဘောသဘာဝ တစ်ရပ်သက်သက်သာ။ တန်းစီလျှင် ကျော်တက်ချင်စိတ်နှင့် အစိုးရရုံးတွင် လာဘ်ပေးချင်စိတ်က တစ်ဆစ်ဆစ် ဖြစ်လာသည်နှင့် ပမာ တူသော လူ့သဘာဝတစ်ခုသာ။ သို့သော် ထိခိုက်မှုများလာလျှင် အစိုးရက ဝင်ထိန်းရလိမ့်မည်။ လူအများ လွတ်လပ်စွာ ပြောဆို ဖလှယ်ခွင့်ရှိသော မီဒီယာကို အစိုးရတစ်ရပ် ထိန်းခြင်းသည် ဒီမိုကရေစီကို ထိခိုက်စေသည်။ မီဒီယာသုံးစွဲသူများက မိမိကိုယ်ကိုယ် သိရှိ နားလည် ထိန်းသိမ်းရမည်သာဖြစ်သည်။ အချင်းချင်း ဝိုင်းဝန်း ထိန်းကြရမည်ဖြစ်သည်။ ဤသည်လည်း နိုင်ငံသားဆိုင်ရာ ကျွမ်းကျင်မှု တစ်ရပ် ပင်ဖြစ်သည်။

ရေးသားသူ ဦးကောင်းလှဇံ

ကျမ်းကိုး http://www.unesco.org/…/media-lit…/mil-as-composite-concept/

No comments:

Post a Comment